ပျံလေတဲ့ငှက်ခါး
ဖေမြ။ ။ပိုက်ဆံအိတ်ကြီးကဖေါင်းလှချည်လား ကိုသာလှရဲ့။
သာလှ။ ။ကိုယ်လုပ်လို့ ကိုရထားတာလေဗျာ။
ဖေမြ။ ။လက်ပတ်နာရီလေးကလည်း လှသဗျာ။
သာလှ။ ။ကိုယ်လုပ်လို့ ကိုယ်ရထားတာလေးမို့ လှတာပေါ့ဗျာ။
ဖေမြ။ ။အခုတလော တော်တော်ဟုတ်နေတယ်နော်။
သာလှ။ ။ဟုတ်ဆို ဟုတ်အောင်လုပ်ထားတာကိုး ကိုဖေမြရဲ့-ဟဲဟဲ။ ဒါနဲ့ ပြောရ ဦးမယ်၊ လောကကြီးမှာဗျာ-ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရတာ ကိုဖေမြရဲ့။ ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ ဟုတ်တယ်နော် ကိုဖေမြ။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ဆိုတဲ့ ယောင်္ကျားကောင်းတို့စိတ်ဓါတ်နဲ့ မဆုတ်မနစ်ကြိုးစားမှရတာ၊ ကိုဖေမြရဲ့၊ ရှင်းတယ်မဟုတ်လား ဟဲဟဲဟဲဟဲ။
ဖေမြ။ ။အခုတော့လည်း အတောင်စုံတော့ ခြေစုံကန်ချင်ပြီပေါ့လေ၊ အမေ့နို့တစ်လုံးဖိုးတောင် မချေခဲ့နိုင်ပဲနဲ့ ပျံလေတဲ့ငှက်ခါး နားမှပဲသိတော့မယ်နော် ကိုသာလှ။
သာလှ။ ။ဘာတွေပြောနေတာလည်း ကိုဖေမြရဲ့၊ ခင်ဗျားပြောတာကျုပ်နားမရှင်းဘူး။
ဖေမြ။ ။စိတ်မဆိုးဘူး ဆိုမှ ပြောလို့ရမှာ။
သာလှ။ ။စိတ်မဆိုးပါဘူးဗျာ၊ အချင်းချင်းတွေပဲဟာကို။
ဖေမြ။ ။ဒါဆို ပြောမယ်ဗျာ။
သာလှ။ ။မြန်မြန်ပြောဗျာ။
ဖေမြ။ ။ကိုသာလှ တော်ကြာကပြောတဲ့ ကိုယ်လုပ်မှကိုယ်ရတယ် ဆိုတဲ့စကားဟာ မိဘကျေးဇူးကို စော်ကားရာရောက်ပါတယ်။ ကိုးလလွယ်၊ဆယ်လဖွါးရတဲ့ အမေ့ရဲ့ဒုက္ခ သြော်-ကိုသာလှရယ် ကိုယ်ချင်းစာကြည့်စမ်းပါဗျာ-အမေ့ရဲ့မေတ္တာကို။ ငါ့သားလေးနေမှ ကောင်းရဲ့လား၊ သြော် ငါ့သားလေးများ နို့ဆာနေပလား။ အဲဒီအဲဒီ သီတာရေစင်ပမာ တသွင်သွင်စီးကျနေတဲ့ မိဘမေတ္တာတွေဟာ ကိုယ်လုပ်လို့ ကိုယ်ရထားတာလားဟင် ကိုသာလှ။
“မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်” တဲ့ လက်ရှိ ဘ၀အခြေအနေ ကိုရောက်လာတာ ဘယ်လိုရောက်လာသလဲ၊ မေ့သွားပလား ကိုသာလှ။
“ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” တဲ့၊ သားတစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို မေ့သွားပလား ကိုသာလှ။
“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ” တဲ့ ကိုသာလှ။ ဆရာတွေက ကိုသာလှအပေါ်မှာထားတဲ့ စေတနာတွေ၊ မေတ္တာတွေ ကို ဘေးချိတ်ထားခဲ့တော့မှာလား၊ ကိုသာလှ။
“ညီညာထကြွ ၊ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ” တဲ့ ကိုသာလှရဲ့။ တပည့်ဝတ်ကိုမပြုပဲ “ဆရာတို့ရေ၊ တပည့်တော့နော်၊ ကိုယ်လုပ်မှ ကိုယ်ရတယ်နော်၊ ဆရာတို့လည်း ကိုယ်လိုချင်ရင် ကိုယ်ဟာကိုယ်လုပ်ကြ” လို့ ဆိုပြီး ကျေးဇူးဆပ်မှာလား။
အပေါင်းအသင်းဖြစ်တဲ့ ကျုပ်လည်း ခင်ဗျား အပေါ်မှာ သံယောဇဉ်ရှိပါတယ်၊ အစိမ်းသက်သက်ချိုးတော့ နာတယ် ကိုသာလှရေ။
ကိုယ်လုပ်မှ ကိုယ်ရတယ် ဆိုတဲ့ သဘောကတော့ ကိုယ်ရမှ ကိုယ်လုပ်မယ် ဆိုတဲ့ အတ္တဆန်ဆန် သဘောပါပဲဗျာ၊ ခက်တော့ အခက်သား ကိုသာလှရဲ့။
ကျမ်းလာစကားအရတော့ “ကိုယ်ထင်သည့်အတိုင်း မှန်သည့် လက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ ပို့တတ်သော လမ်းတစ်မျိုးရှိ၏” တဲ့။ နောက်ပြန်လှည့်ပါ ကိုသာလှ ရယ်။
သာလှ။ ။အေးဗျာ၊ တောင်းပန်ပါတယ်ဗျာ၊ ကျုပ်က လေးလေးနက်နက် မစဉ်းစားပဲ အနိုင်လိုတဲ့ သဘောနဲ့ ပြောမိတာပါ၊ ခွင့်လွတ်ပါဗျာ။
ဖေမြ။ ။ဒါဆို၊ အမေ့နို့တစ်လုံးဖိုးတော့ ကျေအောင်ဆပ်မယ်ပေါ့။
သာလှ။ ။ကြိုးစားပါ့မယ်၊ ကိုဖေမြ။
ဖေမြ။ ။မင်္ဂလာရှိလှပါသကော ကိုသာလှရယ်။
God Bless You
Brother Aung